ဒီလိုပဲ ရှိတယ်

Published on HivePostify by @htwegyi · Sat Aug 22 2026

အချို့တွေ ဘေးဒုက္ခရောက်နေချိန်၊ အချို့တွေ ပျော်ပွဲ ရွှင်ပွဲကျင်းပနေသည်။ ပျော်ရွှင်ပွဲသည်က အခြားနေရာမှာ မဟုတ် ကျွန်တော်နေသည့် ရပ်ကွက် မှာကျင်းပခြင်းဖြစ်သည်။ ကျင်းရခြင်း အကြောင်းအရင်းက ရပ်ကွက်အုပ်ချုပ်ရေးရုံးသစ်ကြီး ဖွင့်လှစ် သည့်ပွဲဖြစ်သည်။ မည်သည်မှ မည်သို့ ငွေကြေးများ ရရှိသည်မသိပေ။ ရပ်ကွက်ရုံးဖွင့်ပွဲကျင်းပခြင်း အတွက် ကြက်သား၊ ငါး၊ ဝက်သားဟင်းများဖြင့် စတုဒီသာကျွေးမွေးဧည့်ခံသည်။

ထိုသို့ကျွေးမွေးပြီးသည့်သကာလ ဇာတ်ပွဲဖြင့် ဧည့်ခံပါသေးသည်။ ကျွန်တော်တို့ မန္တလေးထုံးစံ အတိုင်းဆိုပါမူ ရပ်ကွက်ရှိ ဘုရားနှင့် ဓမ္မာရုံများ၏ ဘုရားပွဲများတွင် ဇာတ်ပွဲများထည့်လေ့ရှိသည်။ ထိုဇာတ်ပွဲများကို ကြည့်ရသည့်အခါမှာလည်း အခကြေးငွေ ပေး၍ကြည့်ရသည်။ မင်စင်မျာဝယ်ကာ ကြည့်ရှုရသည်။ မင်စင် ဆိုသည်က ဇာတ်ပွဲများကို ကြည့်ရန် ဝါးကပ်များဖြင့် စင်ထိုးပေးထားသည့် နေရာများကို ခေါ်ဆိုသည်။ ထိုနေရာများကို သင်္ဘောဆေးဖြင့် နံပါတ်များ ရေးပြီး ရောင်းချကာ ပွဲကြည့်စေသည်။

ယခုရပ်ကွက်ရုံးဖွင့်ပွဲသည်က ကြည့်ချင်ပွဲဟု ပြောသည်။ ကြည့်ချင်ပွဲဆိုသည်မှာ အခကြေးငွေ ပေးစရာမလို၊ အလကားကြည့်ရသည့်ပွဲဖြစ်ပေ သည်။ မ‌နေ့ကစ၍ ဇာတ်ပွဲကပြသည်။ မနေ့က မိုးရွာသဖြင့် ဇာတ်ပွဲ မကလိုက်ရပေ။ မိုးကကောင်း လိုက်သည့်ဖြစ်ခြင်း။ ပွဲ မကမှီတစ်ရက်အလိုကပင် မိုးက သည်းသည်းမဲမဲ‌ရွာချထားသည်။ ပွဲ ကသည့်နေ့ မှာလည်း ပွဲစထွက်ပြီး မကြာမှီ မိုးရွာချသဖြင့် ပွဲပျက် သွားသည်။

ယနေ့ညမှာလည်း ပွဲဆက်လက်ကပေအုံးမည်။ မန္တလေးဇာတ်ပွဲများက နှစ်ညဆက်တိုက်ကကြရသည်။ ယနေ့ညမှာလည်း မိုးဆက်လက်ရွာပါမူ ပွဲကြည့်ဖို့ အဆင်မပြေကြတော့ပေ။ ပွဲခင်းအခြေအနေ မည်သို့ ရှိသည်ကို စပ်စုလိုသဖြင့် နေ့လယ်ခင်းမှာ ပွဲခင်းသို့ သွားကြည့်မိသည်။ အခြားသူတို့ ပွဲခင်း သွားသည်က ညနေမှောင်ရီရီ မီးများလင်းထိန်သည့်အချိန်မှာ သွားရောက်ကြခြင်းဖြစ်သည်။

ကျွန်တော် ပွဲခင်းသို့ သွားသည့်အချိန်က နေ့လယ်ခင်း နေပူကျဲကျဲမှာ သွားရောက်ခြင်းဖြစ်သည်။ ပွဲခင်း၌ ဈေးရောင်းသူ ဈေးသည်များက ချက်ပြုတ်စားသောက် နေကြသည်။ အချို့ဈေးဆိုင်ခန်းများက ပြင်ဆင်နေ သည်။ အချို့ဈေးဆိုင်ခန်းများက ယခုမှ လာရောက် ဖွင့်လှစ်နေသည်။ ပွဲခင်းမှာ ဈေးရောင်းသူများကို ဆယ်နှစ်ပွဲဈေးသည်များဟု ခေါ်သည်။ သူတို့က ပွဲဈေးရောင်းသူများဖြစ်သော်လည်း ကားများဖြင့် လာရောက်ခြင်းဖြစ်သည်။ လိုက်ထရပ်များဖြင့် သူရို့၏ ရောင်းကုန်နှင့် တဲထိုးဖို့ ပစ္စည်းများကို တင်ဆောင်လာကြသည်။

ဆယ်နှစ်ပွဲဈေးသည်ဟု ဆိုသော်လည်း ကုန်ပစ္စည်းနှင့် စားသောက်ကုန် ရောင်းချသည့်သူများက အနည်းငယ်သာ တွေ့ရသည်။ လောင်းကစားပြုလုပ်သည့် ဈေးသည် အများအပြားကိုသာ တွေ့မြင်ရသည်။ ဈေးဆိုင်ခန်း တစ်ခန်းကို တစ်သိန်းကျပ်ပေးရသည်ဟု တာယာပွကြီး ကပြောသည်။ ဟုတ်သလား မဟုတ်သလား မသိပေ။ ဘောလုံးသုံးကြိမ်ကန် သုံးထောင်ကျပ်၊ ဘောလုံး သုံးခါပစ် တစ်ထောင်ကျပ်ဟု ရေးသားထားသည်။ လေးကောင်ဂျင်းကဲ့သို့ ကစားသည့် ကြက်၊ ငှက် များရေးဆွဲထားသည့် သစ်သားဘောင်မ��ားကိုလည်း တွေ့ရသည်။ ငွေကြေးလောင်းကစားပြုလုပ်သော လောင်းကစားဈေးသည်များသာ အားကြီးပေသည်။ ပွဲဈေးဆိုသည်မှာ ကျွန်တော်တို့ ငယ်စဉ်ကကဲ့သို့ စားစရာ၊ အရုပ်နှင့် အခြားသော ဈေးသည်များကို မတွေ့မြင်ရတော့ပေ။ ပွဲဈေးတန်း၏ နေ့လယ်မြင်ကွင်းနှင့် ညမြင်ကွင်းက အကွာကြီး ကွားခြားနေပေတော့သည်။

@htwegyi August 22, 2026

Tags: #hive-122133#myanmar#life#photo#trafficsinder#lifestyle

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →