ခန္ဓာ စေရာ......

Published on HivePostify by @htwegyi · Wed Sep 02 2026

မနက်မိုးလင်း အိပ်ရာထတော့ လည်ချောင်းက ခြောက်ကပ်ပြီး ပူကာ နာသည်။ ခန္ဓာကိုယ်ကလည်း ဟိာနေရာက နာ၊ ဒီနေရာက နာနဲ့ အင်း တုပ်ကွေး ဖြစ်ပြီထင်ပါရဲ့ဟု ကိုယ့်ကိုကိုယ်တွေးမိသည်။ မနက်စောစောထ တရားမှတ်ပြီး မျက်နှာသစ်ကာ ‌ဘုရားသောက်တော်ရေကပ်သည်။ ခန္ဓာကိုယ်ကြီးက မလန်းချင်ပေ။ ခန္ဓာရှိသမျှ ဒုက္ခရှိပေအုံးမည်။

မနက်စာ ဘာစားချင်စိတ်ပေါက်သလဲ ကိုယ့်ကိုကိုယ် ပြန်မေးမိသည်။ အမေ့ အတွက်က တိုးဟူးကြော် ဝယ်ပေးရအုံးမည်။ ဈေးထဲမှာ ရှမ်းအရည်ဖျော်စား ရမလား။ ရှမ်းတိုးဟူးနွေစားရမလား။ စားချင်သည် များကို စိတ်မှာတွေးကြည့်သည်။ နောက်ဆုံးတော့ ကြက်ဥဝယ်ကာ ပြုတ်ပြီး ထမင်းဆီဆားနယ်ပြီး စားလိုက်သည်။ ဘယာကြော်တခုကောက်ပြီး ဝါး မိသည့်အခါ လျှာပေါ်မှာ ဆီ၏ ပျစ်ချွဲကျိအရသာက ကပ်ပါလာသည်။ သို့နှင့် ရေနွေးကြမ်းတငုံသောက် ကာ ထိုအချွဲကို ဖျောက်ကြည့်သည်။

ထမင်းစားရတာ ခံတွင်းမတွေ့ပေသိ ကြတ်မှိတ်ပြီး စားလိုက်သည်။ ထမင်းစားပြီး ပါရာစီတမောတလုံး သောက်လိုက်သည်။ အနည်းငယ်သက်သာသလိုရှိသည်။ အိမ်ဝိုင်းအတွင်း ဟိုလျှောက်လိုက်၊ ဒီလျှောက်လိုက် လမ်းလျှောက်ပြီး ရေချိုးရမလားဟုစိတ်ကူးသည်။ အမေကလည်း ရေချိုးမည်ဟုပြောသည်။ အမေက နောက်ဖေးများကို ထဘီပေါ်ပါချထားသည်။ အငယ်မက တပျစ်တောက်တောက်ပြောနေသည်။ မပြောပါနဲ့အေ ဖင်မထိမ်းနိုင်ရှာတော့လို့နေမှာပါဟု ပြောရသည်။

အမေ့ကို ရေချိုးပေးပြီးသည့်နောက် ခန္ဓာကိုယ်မှ အဝတ်များက ရေစိုသွားပေသည်။ သို့နှင့် ရေကို သွက်သွက်လက်လက် မြန်မြန်ဆန်ဆန် ချိုးလိုက်သည်။ ရေချိုးပြီး နေ့လယ်စာ ထမင်းစား သည်။ ငါးရေချို၊ ပဲကြော်၊ ငံပြာရည်ချက်နှင့် ဂေါ်ဖီထုပ် တို့စရာဖြစ်သည်။ အရည်သောက်ဟင်း မပါ၍ ရေသောက်ကာ နေ့လယ်စာကို လက်စသပ် လိုက်သည်။ နေလို့မေကာင်းပေသိ နေ့လယ်စာ ထမင်းတပန်ကန်က ကုန်သွားသည်။ နေ့လယ်စာ စာပြီး ပါရာတလုံးထပ်မံသောက်လိုက်သည်။

ရာသီဥတုက အုံ့မှိုင်းမှိုင်းဖြစ်နေသည်။ အမေ ရေချိုးအပြီးနှင့် ကျွန်တော်ရေချိုးအပြီးမှာ မိုးကြီးက ရုတ်တရက်အုံ့ဆိုင်းမဲမှောင်လာပြီး ရွာမည့်ဟန်ပြင်ပါလေသည်။ သို့နှင့် ကမန်းကတန်း ရေစက်များကို မိုးကာအုပ်ရသည်။ မိုးက တပျောက်နှစ်ပျောက် ကျပြီး မိုးတိမ်များက လေနှင်ရာလွင့်သွား ကြလေသည်။ စောစောက အုံမှိုင်းနေသော မိုးတိမ် များက မည်သည့်အရပ်သို့ ရောက်သွားသည် မသိရပေ။ နေရောင်ခြည်ဖြာကျလာလေသည်။ သို့ပေသိ မိုးတိမ်အချို့ကတော့ ရှိနေဆဲဖြစ်သည်။ ဆေးသောက်ထား၍ ခန္ဓာကိုယ်က နာသလိုလို မနာသလိုလိုဖြစ်သည်။ လူကတော့ အနည်းငယ် လန်းပါသေးသည်။ ဒီတော့ ပိုစ့်တင်ဖို့အတွက် စာတပုတ်ဖြစ်အောင် ရေးလိုက်ရပေသည်။

@htwegyi September 2, 2026

Tags: #hive-122133#myanmar#life#health#feeling#photo#nature

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →