မွေးဖွားလာခြင်း

Published on HivePostify by @htwegyi · Fri Sep 04 2026

ကလေးတယောက်ကို မွေးဖွားဖို့ ဘာတွေလိုအပ်ပါသလဲ။ လူအမျိုးမျိုး‌ပေါ်မူတည်သလို၊ ဆင်းရဲခြင်း၊ ချမ်းသာခြင်းကလည်းကွားခြားပေမည်။ ကလေး တယောက်ကို မွေးဖွားဖို့ရာမှာ ကိုယ်တွေသိသလောက် ကတော့ ကလေးမွေးဖွားပြီပြီချင်း ထိုကလေးကို ထွေးပွေ့ဖို့ အဝတ် (အနှီး) က အဓိကလိုပေသည်။ အဲ အရေးကြီးသော အဓိက အချက်ကို ‌ကျော်ခွသွား မိသည်။

ကလေးတဦးကို လူ့လောကထဲရောက်လာဖို့ အရပ်လက်သည်၊ သားဖွားဆရာမနှင့် အိုဂျီဟု ခေါ်သော ကလေးမွေးဖွားပေးသူ အထူးကုက အဓိက အရေးကြီးပေးသည်။ အရပ်လက်သည် ဆိုသည်မှာလည်း လက်မှတ်ရသူ၊ မရသူများလည်း ရှိပေမည်။ အဓိက ကတော့ မိခင် ဗိုက်အတွင်းမှ ကလေးငယ်သည် ပြင်ပ လူ့လောကသို့ ချောချော မွေ့‌ မွေ့ ရောက်လာဖို့ အရေးကြီးသည်။ မိခင်ရော၊ ကလေးပါ ကျန်းမာသန်းစွမ်းကြပါမူ ကောင်းလေစွ။

ထိုသို့ အသီးသီးမွေးဖွားရာတွင် ဖော်ကြခဲ့သလို ကိုယ့်ရဲ့ ငွေကြေးတတ်နိုင်မှုအပေါ် မူတည်၍ ကလေးမွေးဖွားခြင်းကို အကျဉ်းချုံ့သလို၊ အစာ ကျယ်သူများလည်းရှိကြပေသည်။ ယခုခေတ်ကလည်း အစာကျယ်ရင် ကျယ်သလောက် ကျယ်လို့ရအောင် ဘေဘီစတိုးဆိုင်များဖွင့်ပြီး ရောင်းချနေသည်။ ကလေးတယောက် မွေးဖွားဖို့ ပထမဦးစွာ အိုဂျီနှင့် ပြသထားသည်။ အိုဂျီနှင့် ပြသပြီးခြောက်လအကြာမှာ အထီးလေးလား၊ အမလေးလား ခွဲခြားစွာသိဖို့ ဓာတ်မှန်ရိုက်ကြည့်ရသည်။

ဟော့ အထီး၊ အမ မသိခင်က အဖေနဲ့ အမေက သူက ဘာရချင်တယ်၊ ငါက ဘာရချင်တယ်နဲ့ ငြင်းခုန်နေတတ်ကြသေးသည်။ သို့ပေသိပေါ့လေ လူ့လောကထဲ ရောက်လာမှတော့ အထီးအမက အဓိက မဟုတ်ပေ ကိုယ့်သွေးသားဆိုတော့ ချစ်ရ ပါလေသည်။ လူဆိုသည်က ကိုယ့်အတ္တကို ရှေ့တန်း တင်ကြသူများဖြစ်သည်။ သားသမီးနှင့် ပတ်သက် လာပါမူ ထိုအတ္တတို့က အရောင်ဖျော့ကြလေသည်။

အင်း တကိုယ်တည်းသမားက ကလေး‌‌မွေးဖွားသည့် အကြောင်းအရာ ရေးနေတော့ အနည်းငယ်ထူးဆန်း ပေသည်။ ဘာရယ်မဟုတ်ပါဘူး လူတွေ ခြုံစရာရှိလို့ ချမ်းနေကြတဲ့အကြောင်းလေး မြင်မိလို့ ရေးမိသည်။ ကျုပ်တို့ငယ်စဉ် အမေက ကျုပ်တို့ မောင်နှမများကို မွေးဖွားခဲ့ပုံကိုပြောပြခဲ့သည်။

"နင်တို့ အကုန်လုံး၊ ဟဲ့ဒီ မီးရထားလိုင်းခန်းက ဖျာစုတ်လေးပေါ်မှာမွေးဖွားခဲ့တာ"

"အမေ့နှယ့်ဗျာ ဆေးရုံကြီးနဲ့ ဒီလောက် နီးနေတာကို ဆေးရုံကြီးမှာ မမွေးဘဲ ဘယ်နဲ့ ဖျာစုတ်ပေါ်မှာ မွေးရတာလဲ"

"ဟဲ့ ဆေးရုံကြသွားရင် ငွေကုန်မှာပေါ့"

"အမေက မတရားဘူး အငယ်မ ကိုတော့ ဆေးရုံကြီးမှာ မွေးတာ"

"ဟဲ့ သူ့တော့ မမွေးလို့မရဘူး၊ ငါ့ခြေထောက်တွေ ပေါင်တွေမှာ အကြောတွေပြတ်ကုန်လို့ သားကြောပါ တက်ပြီးဖျက်လိုက်ရတာမို့လေ"

အမေကို တာယာပွကြီးက သူမူးတိုင်း ထိုသို့မွေးဖွားခြင်းကိစ္စကို အမြဲလို စကားရှာပြီးပြောတတ်သည်။ ကလေးတဦး လူ့လောကကြီးထဲရောက်ရှိလာဖို့က လွယ်မလိုနဲ့ ခက်ခဲသည်များလည်း ရှိပေတော့သည်။

@htwegyi September 4, 2026

Tags: #hive-122133#myanmar#life#photo#nature#lifestyle#trafficinsinder

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →