ငါးထောင်ဥပုသ်နဲ့ မြေး။
Published on HivePostify by @htwegyi · Mon Aug 31 2026
ဝါခေါင်လပြည့်နေ့က ဥပုသ်ယူရင် ငွေငါးထောင် ပေးမည်ဟု ကျုပ်ညီမက ပြောလာသည်။ ဒီလို ပြောလာရသည့် အကြောင်းအရင်းက ရှိသည်။ ကျုပ်မှာ လေးနှစ်အရွယ် မြေးထီးတကောင်ရှိသည်။ ဒီကောင်ကို ကျုပ်က အချိန်မရွေးထိန်းကျောင်း စောင့်ရှောက်နေရသည်။ သူ့အဖေနဲ့ အမေက မနက်မိုးလင်းသည်နှင့် လုပ်ငန်းခွင်သို့ အသီးသီး သွားကြသည်။
ဒီတော့ မြေးကို သူ့အမေက မွေးသာထားသည်။ မြေးလေးကို အစစအရာရာ ကျုပ်ကပဲ ကြည့်ရှု စောင့်ရှောက်ရသမို့ မြေးအနှစ်ဆိုသလိုပါလေ။ ကျုပ်မြေးကို မျက်စိအောက်က အပျောက်မခံနိုင်ပေ။ ဒီတော့ ဝါတွင်းမှန်းမသိ။ ဥပုသ်နေ့မှန်းမသိအောင် ဖြစ်နေသည်။ ဒီလို အကြောင်းတွေကြောင့် ကျုပ်ညီမက ကျုပ်ကို ငွေငါးထောင်နဲ့ မြှူးဆွယ်ပြီး ဥပုသ်စောင့်ခိုင်းတာ။
နောက်ပြီး ဝါခေါင်လပြည့်နေ့မှာ မြေးလေးရဲ့ အဖေနဲ့ အမေကလည်း အလုပ်နားကြသည်။ လပြည့်နေ့မို့ ဘုန်းကြီးကျောင်းမှာ လူစုံပြီး ဥပုသ်သည်များကို ထမင်းကျွေးမည်ဟု သိရသည်။ ဒီတော့ ကျုပ်လည်း ကျုပ်ညီမရဲ့ စွဲဆောင်မှုကို စိတ်ပါမိသည်။ ဂလိုနဲ့ ကျုပ် ဥပုသ်စောင့်ဖြစ်သည်။ ဥပုသ်စောင့် သီလယူ၊ တရားနားနေပေသိ စိတ်က အိမ်က မြေးထံ စိတ်ရောက်သည်ကများသည်။
သီလယူ၊ တရားနား ထမင်းစားသောက်ပြီးတော့ ကျုပ်က အိမ်ကို အမြန်ပြန်ချင်မိသည်။ ကျုပ်ညီမရယ် လေ ကျုပ်စိတ်ကို သိလို့နေမှာ အခြားဥပုသ်သည်တွေနဲ့ လေပေးဖြောင့်နေတာ။ ကျုပ်က အဝေ��ကနေပြီး သူ့ကို မျက်စောင်းခဲနေရတာပေါ့။ ညီမဖြစ်သူက စကားပြောနေရာမှ ကျုပ်ထံသို့ ရောက်လာပြီး ရော့ အမ ငွေငါးထောင် အိမ်ပြန်ချင်နေပြီလား။
"ညည်းနဲ့အေး သိရဲ့နဲ့ အတော်အရစ်ရှည်၊ ဒါကြောင့်မို့ အပျိုကြီးဖြစ်နေတာ"
ညီမဖြစ်သူက ပြုံးရယ်လျှက်
" အမရယ် ဒီမြေးကြီးဆီ စိတ်ရောက်နေတာ။ ကြာရင်ခက်အုံးမယ်။ နေပါစေပေါ့ သူ့အမေ၊ သူ့အဖေတွေနဲ့ တခါတလေ နေကြပါစေ။ အမလည်း တချိန်လုံး ဒီမြေးကို ချီထိမ်းနေရတာ မပင်ပန်းပူလား။ မြေးနဲ့ ဝေးတဲ့အချိန် သက်တောင့်သက်သာလေးများ နေပါအုံးလား။ သူ့မြေးကြီးကဖြင့် ထိမ်းရတာ မသက်သာ လိုက်ထာ"
"ညည်း မသိပါဘူးအေ၊ ဒီကောင်က ငါ့လက်ပေါ်မှ ငြိမ်တာ။ ခုနေ သူအမေနဲ့ အဖေ ဘယ်လောက် ယောက်ယက်ခပ်နေမလဲ၊ ငါ ဥပုသ်သာ စောင့်ရတာ စိတ်ကို မဖြောင့်ဘူးရယ်"
"အဲ့ဒါ ပြောတာပေါ့၊ အဲ့သဟာတွေကြောင့် ငါ့အမကို ဘုရား၊ တရားလေးမှ သတိလေးရအောင် ငွေငါးထောင်နဲ့ မြှူးဆွယ်ရတာပေါ့"
"အေး ပေးဟေ့ ငါးထောင်၊ ညည်း ဘယ်လိုပြောပြော ငါတော့ ငါ့မြေးလေးနဲ့ အကြာကြီးမခွဲနိုင်ပေါင်။ ဒီငါးထောင်လည်း ငါ့မြေးကြိုက်တဲ့ ရွိုင်ရယ်ဒီ ဝယ်သွားရအုံးမယ်။ ညည်းနဲ့ လမ်းလျှောက်တာ နှေးပါဘိ၊ ငါ့မြေးလေး မျှော်နေရှာမလားမသိဘူး။ ငါသွားနှင့်ပြီး ညည်ဖာသာ ဖြေးဖြေးလျှောက်လာခဲ့တော့"
"အယ်အေ ဒီအမနဲ့တော့ ခက်သေး ပြောနေရင်းနဲ့ကို၊ ငွေငါးထောင် ဥပုသ်လေးတော့ စောင့်ဖြစ်အောင် စောင့်လိုက်အုံး အမရေ"
ကျုပ်က ညီမဖြစ်သူ၏ လှမ်း၍ ပြောသော စကားကို လက်ပြရင်း အိမ်ကို မြေးနဲ့ တွေ့ဖို့အရေး အသောနှင်လေးတော့သည်။
@htwegyi August 31, 2026
Tags: #hive-122133#myanmar#lifestyle#photo#feeling#nature