ဥပေက္ခာ ကြက်လူ

Published on HivePostify by @htwegyi · Thu Aug 20 2026

ကျုပ်မှာလည်း တရက်ခြားပို့စ်တင်ဖို့ မေ့ မေ့နေသည်။ အခြားသူတွေလို နေ့စဉ်ပို့စ်တင်ရရင်ဖြင့် ခက်ရချည်ရဲ့။ ပို့စ်တင်ဖို့ မေ့ဆို Hive ဈေးကလည်း တက်ဖို့ ကမ်းမမြင် လမ်းမမြင် ပင်လယ်ကြီးထဲ ရောက်နေသလိုပါ။ မည်သို့ပင်ဖြစ်စေ ပို့စ်တင်ဖို့ကတော့ ကြိုးစားရပေဦးမည်။

ရှိစေတော့ ဟိုက်ဈေးတက်သည်ဖြစ်စေ၊ မတက်သည်ဖြစ်စေ။ ကိုယ်တွေတာဝန်အရတော့ တစ်ရက်ခြား ပို့စ့်တင်ရပေဦးမည်။ ပို့စ်တင်ပြီဆိုတော့ ဘာအကြောင်းအရာ ရေးရပါ့။ မည်သည့်အကြောင်းအရာရေးရာပါ့ စဉ်းစားရဦးမယ်။ အိမ်မှာရှိတဲ့ ကြက်မကြီး အကြောင်းရေးရမလား။ ကြက်ဖကြီး အကြောင်း ရေးရမလား။

အိမ်မှာရှိသည့် ကြက်မကြီးသည် ယခုအခါနှင့်ဆိုပါမူ သုံးကြိမ်တိုင်တိုင် ဥ ဥပြီးဖြစ်သည်။ ပထမတစ်ခါ ဥ စဉ်က ကြက်တကောင်ပေါက်သည်။ ဒုတိယတခါ ဥသည့်အခါမှာ လေဥများဖြစ်၍ တကောင်မျှ မပေါက်ပေ။ ယခု သုံးကြိမ်မြောက် ဥပြီး ဝပ်နေသည်။ ဘယ်နှကောင်ပေါက်မလဲတော့ မသိပေ။ ပထမအကြိမ်က ပေါက်ခဲ့သော ဥမှ ကြက်ထီးသည် အရွယ်ရောက်လာပြီဖြစ်သည်။ မိခင် ကြက်မကြီးကို ပြန်ပြီး ထိုးဆိတ်နေတတ်သည်။ ကြက်ထီးနှင့် ကြက်မကို ကြောင်အိမ်အဟောင်းတခုအတွင်းမှာ ထားသည်။ ကြက်မက သူ့ဥများနှင့် ကြောင်အိမ်အပေါ်ဆုံးထပ်မှာ ဝပ်နေသည်။ ကြက်ထီးက အောက်ထပ်မှာ နေသည်။ တခါတရံ ကြက်ထီးက ကြက်မထံသို့သွားကာ ထိုးဆိတ် ရန်လုပ်သဖြင့် မောင်းချရတတ်သည်။

ကြက်မကြီးဝပ်ရာမှ အစာ၊ ရေ လာရှာသည့်အခါ အိမ်သားများက ဆန်ချကျွေးသည်။ ထိုဆန်ကို ကြက်မကြီးမှာ ကောင်းစွာ မစားရပေ။ ကြက်ဖက လာရောက်ပြီး ရန်ပြုသည်။ ထိုကြောင့် ကြက်မနဲ့ ကြက်ဖကို အတူယှဉ်တွဲမရှိစေရန် ကြက်ဖကို မောင်းရသည်။ ကြက်ဖကို ဆန် ကျွေးသည့်အခါ ဒင်းက ကောင်းစွာမစားပေ။ ကြက်မ စားသည့် အခါမှာတော့ ရန်လာပြုတတ်သည်။

လောက သဘာဝကြီးက အဲ့သလိုပါဆို။ ကိုယ်လည်း မစား။ အခြားသူစားပြန်တော့ ရန်လုပ် တတ်သည့် လူစားမျိုးများလည်းရှိသည်။ ကြက်လူများဟု ခေါ်ရပေမည်။ ကြက်လူများ မည်မျှရှိနေသည်ကို သတိထားမိကြလေမလား။ သတိထားမိတော့ စိတ်မချမ်းသာပါ။ ဒီတော့ ဥပေက္ခာ ပြုထားရမည်လား။ ဒီလိုဆိုပြန်တော့ စိတ်ထဲမှာ ကလိကလိဖြစ်နေရပြန်ရော။

@htwegyi August 20, 2026

Tags: #hive-122133#myanmar#life#nature#feeling#photo#trafficisinder

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →