စိတ်ဖြေသိမ့်ရာ

Published on HivePostify by @htwegyi · Fri Aug 14 2026

လူ့စိတ်သည်က အမျိုးမျိုးပြောင်းလဲသည်။ စိတ်ပြောင်းလဲသည်မှာ ခဏလေးအတွင်းမှာပင် ပြောမဆုံးနိုင်အောင်ရှည်လျားစွာ ပြောင်းလဲနေသည်။ လူအမျိုးမျိုး စိတ်အထွေထွေဟုပြောသေးသည်။ ကျွန်မရဲ့စိတ်ကလည်း အမျိုးမျိုး ပြောင်းလဲသည်မှာ မဆန်းပေ။ ဒီလိုပါလေ မိဘအမွေကို ညီတူမျှတူ ခွဲယူကြသည့်အတူတူ ကျွန်မက သူရို့အတွက် တာဝန်ယူနေရသည်။

ကျွန်မနှင့်အတူနေသူက ညီမဖြစ်သည်။ ညီမတွင် သမီးအပျိုပေါက်ရှိသည်။ သူမ၏ခင်ပွန်းက စောစီးစွာ ဆုံးပါးသွားသည်။ ဒီတော့ သူ့ရို့သားအမိက တကိုယ်တည်း အပျိုကြီးကျွန်မနှင့် အတူ နေခြင်း ဖြစ်သည်။ မြို့ပြင်အရပ်မှာရှိသော ‌မြေကွက်နှင့် အိမ်ဝိုင်းလေးကို ညီအမနှစ်ဦးဆက်တူဝယ်ခဲ့သည်။ အိမ်ဝိုင်းအတွင်းရှိပါလာသော အိမ်ကလေးက အနည်းငယ်ပြင်ဆင်ရသည်။ အနည်းငယ်ဆိုပေသိ ပြင်ရင် ပြုရင်ဖြင့် ငွေအတော်ကုန်ကျခဲ့သည်။

ထိုအိမ်ပြုပြင်စရိတ်ကို ကျွန်မတဦးတည်းသာ ကျခံခဲ့ရသည်။ ညီမဖြစ်သူက ကုန်ကျစရိတ်ကို မေးဖော်ပင်မရပေ။ အိမ်မှာအတူနေကြသည့်အခါ မှာ ညီမက ချက်ပြုတ်တာဝန်ယူသည်။ ကျွန်မက အိမ်သန့်ရှင်းရေး ဝေယျာဝစ္စများလုပ်ကိုင်သည်။ တူမဖြစ်သူက ကူညီဖို့ စိတ်ကူးမရှိပေ။ ဒါလုပ် ဒါကိုင်ဆိုမှ ပြုလုပ်တတ်သည်။ အချိန်ပြည့် ဖုန်းနှင့် မျက်နှာ မခွါပေ။ တူမက အလုပ်ရသောအခါ သူအလုပ်ရသော နေရာမှာသွားရောက်နေထိုင် သည်။

တူမဖြစ်သူက သူအလုပ်မရခင်ကတည်းက အိမ်မှာ ဝိုင်ဖိုင်တပ်ဖို့ပူဆာသဖြင့် ဝိုင်ဖိုင်တပ်ရသည်။ ဝိုင်ဖိုင်ဘိုးကို အလုပ်ရသည့်အခါ သူပေးမည်ဟုပြောသည်။ တူမ အလုပ်ရသည့်အခါ တစ်လ တစ်သိန်းကျပ်ကျွန်မကို ပေးသည်။ ညီမဖြစ်သူက အနီးအနားပတ်ဝန်းကျင်ကို ငွေတိုးပေးသည်။ တစ်ဆယ်တိုးဖြင့် ငွေတိုးပေးသည်။ ကျွန်မကလည်း ညီမဖြစ်သူကို အားကျပေသိ ငရဲကိုဖြင့်ကြောက်သည်။

ငရဲကြောက်ပေသိ တခါတရံ သုံးကျပ်တိုးလေးဖြင့် ပေးမိသည်။ အိမ်စရိတ်လေးမှာ ဖာပါစေဟုစိတ်ကူး ဖြင့် ပေးမိသည်။ အိမ်စရိတ်အတွက် ကုန်ကျစရိတ် ကလည်း ကျွန်မက ဒိုင်ခံကျခံရသည်။ ညီမဖြစ်သူက သူ့အသုံးစရိတ်အတွက်သာ ငွေထုတ်သည်။ တနေ့က အမေ့နှစ်ပတ်လည်အတွက် ဘုန်းကြီးကျောင်းမှာ ဆွမ်းချိုင့်ပို့သည်။ ထိုသို့ လှူရန်အတွက် ဈေးဝယ် ထွက်သည်။ ဆွမ်းချိုင့်ပို့ရန်နှင့် အခြား အိမ်သုံး ပစ္စည်းများ ဝယ်ရသဖြင့် ယခုလအတွက် ငွေကုန် များသွားသည်။

သို့နှင့် ငွေကြေးကုန်ကျများလာသည့်အခါ ကျွန်မမှာ ငွေအဝင်အထွက်ကို စီစစ်ရပေတော့သည်။ အမေ့ထံမှ အမွေအတူတူရတာချင်းတူပေသိ အိမ်သုံးစရိတ်၊ အခြားအထွေအထွေအသုံးစရိတ်များကို ကျွန်မ ၏ငွေဖြင့်သုံးစွဲနေရသည်။ အိမ်မှာ မိန်းမသား နှစ်ဦးတည်းရှိသဖြင့် ငွေကုန်သက်သာအောင် ချက်စားဖို့ပြောသောအခါ ညီမက နည်းနည်းဖြင့် မချက်တတ်ဟုပြောသည်။ ပိုလျှံသော ဟင်းများကို အိမ်နီးချင်းများကို ခေါ်ပေးသည်။

ထိုသို့ ဟင်းအပိုများကို နောက်နေ့စားလို့ရမည့်အရာ များ ချန်ထားရန်ပြောရသည်။ အိမ်နီးချင်းများအား ကျွန်မ၏ငွေဖြင့် ချက်သော ဟင်းအပိုများကို ပေးတတ်သည်။ ညီမက သူမက သဘောကောင်းသူကြီး ဖြစ်ကြောင်းပြသတတ်သည်။ ညီမက သူ့ငွေဖြင့် ဝယ်သော လက်ဖက်ကို တော့ ���ယောက်ထဲ သူမ၏ ခြင်ထောင်ထဲမှာ စားတတ်သည်။ ထို လက်ဖက်ကို အခြားသူများကို ကျွေးသည်ကို မမြင်မိပေ။ ကျွန်မလည်း တခါတရံစိတ်ပေါက် သဖြင့် ညီမကိုပြောမိသည်။ ထိုအခါ သူမက မျက်ရည်စမ်းစမ်းဖြင့် ပြန်ပြောတတ်သည်။ သူမပြန်ပြောသလို ကျွန်မက ပြန်မပြောတတ်သဖြင့် ရှိပါစေတော့ဟုသာ ကိုယ့်စိတ်ကို ကိုယ်ပြန်ဖြေသိမ့် လိုက်ရတော့သည်။ အင်း စိတ် သည်က အမျိုးမျိုး ပြောင်းလဲတတ်ပါသည်ဆိုမှ။

@htwegyi August 14, 2026

Tags: #hive-122133#myanmar#life#feeling#photo#trafficinsinder#flowers

View full post on HivePostify →

Join HivePostify — Pakistan's First Web3 Platform →